Home
မြန်မာသတင်း
မုံရွာတွင် တော်လှန်ရေးအမည်ခံအဖွဲ့များက လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံ 
DVB
·
April 28, 2024

မုံရွာမြို့ပေါ်က လုပ်ငန်းရှင်တွေဆီကို တော်လှန်ရေးအမည်ခံအဖွဲ့တွေက ဖုန်းနဲ့စာပေးပို့ပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာတွေ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပြည်သူကို ခြိမ်းခြောက်ငွေကြေးတောင်းခံတာမျိုး လုံးဝလုပ်ခွင့်မရှိဘူးလို့ မုံရွာခရိုင်တပ်ရင်း  ၅ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေဆီကို MDKG မုံရွာသေမင်းတမန်အဖွဲ့ နာမည်နဲ့ ဖုန်းစာတိုတွေပေးပို့ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံတာတွေ ဖြစ်ပေါ်နေတာပါ။ 

မြေပြင်မှာ မုံရွာသေမင်းတမန်အဖွဲ့အမည်ကို ဒေသခံ PDF တွေက မသိပေမဲ့ အင်တာနက် လူမှုကွန်ရက်မှာတော့ အဲ့ဒီအဖွဲ့က ငွေကြေးအလှူခံတဲ့ Post တွေ တင်ထားတာကိုတွေ့ရပြီး DVB က ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ တုံ့ပြန်မှုမရှိသေးပါဘူ။ 

မုံရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒီစာပေးပို့တဲ့သူဟာ စစ်ကောင်စီလက် အောက်ခံပဲဖြစ်ဖို့ များတယ်လို့ သုံးသပ်ပါတယ်။ 

NUG လက်အောက်ခံ PDF တွေဟာ ပြည်သူတွေသဒ္ဒါလို့ပေးတဲ့ အကူအညီကိုပဲ ယူခွင့်ရှိတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

မုံရွာခရိုင် PDF တပ်ရင်း ၅ တာဝန်ရှိသူက “ခြိမ်းခြောက်လောက်အောင်အထိ ကျနော်တို့ အဲ့လောက်ကြီး ငွေမလိုပါဘူး။ ပြည်သူကကျွေးမှပဲ သဒ္ဒါမှစားတာ ပိုအဆင်ပြေတာပေါ့နော်။ တော်လှန်ရေးကို သူတို့က နာမည်ခံသက်သက်လောက်ပဲ လုပ်နေတဲ့ပုံစံမျိုးတွေပါ။ မုံရွာတွင်းမှာ ကျနော်တို့ကတော့ မကြားဖူးဘူးဗျ။ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေမှာလည်း အဲ့လိုနာမည်မျိုး ပေးထားတာတွေ ကျနော်တော့မတွေ့ရဘူး။ ဒါပေမယ့် Local တွေတော့ မပြောနိုင်ဘူးပေါ့နော်။ Local တွေတော့ ရှိကောင်းရှိနိုင်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေတော့ အဲလိုမျိုးလုပ်မှာ မဟုတ်ဘူး။ သူ့မှာ သူ့ထိန်းချုပ်မှုနဲ့သူရှိတယ်။ သူ့ကွပ်ကဲမှုနဲ့သူ ရှိတယ်ဆိုတော့လေ” လို့ ပြောပါတယ်။

မုံရွာမြို့ခံလုပ်ငန်းရှင်တဦးက “လုပ်ငန်းရှင်တွေအနေနဲ့တော့ လောလောဆယ်မှာတော့ ကျနော်တို့ အသွားအလာ တအားဂရုစိုက်ရတယ်ဗျာ။ တချို့ဆို အပြင်တောင် ကောင်ကောင်းမထွက်ရဲဘူး။ ပြန်ပေးဆွဲမှာ ကြောက်တာနဲ့၊ ဓားပြတိုက်မှာ ကြောက်တာနဲ့ တချို့တွေက တခြားမြို့တွေမှာ သွားရှောင်နေကြတာပေါ့။ ယုံကြည်ရတဲ့လူတွေနဲ့ လက်လွှဲထားပြီးမှ လုပ်ငန်းကိုလုပ်ကိုင်တယ်။ မုံရွာမှာက ခိုးဆိုးနှိုက်တွေက တအားပေါ၊ လက်နက်ကိုင်ထားတဲ့လူမှန်သမျှ ကြောက်နေရတဲ့ အခါကြတော့ စစ်ခွေးတွေက ခိုးဆိုးနှိုက်တွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေ တော်တော်များများ တွေ့ရပါတယ်” လို့ ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးစကတည်းက မုံရွာမြို့မှာ ခြိမ်းခြောက်ငွေကြေးတောင်းခံတာ၊ ပြန်ပေးဆွဲတာ၊ လုယက်တာတွ ဆက်တိုက် ဖြစ်ပွားနေခဲ့တာပါ။ 

တော်လှန်ရေးအစကနေ လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့တဲ့ အမှုအများစုကို စစ်ကောင်စီနဲ့ လက်အောက်ခံတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး တချို့ကိစ္စတွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်စပ်နေတာတွေ့ရတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ခန့်ဝေဖြိုးက  ပြောပါတယ်။

“ဒါတွေက ခုမှဖြစ်တာ မဟုတ်ဘူးပေါ့နော်၊ ၂၀၂၂၊ ၂၃၊ ၂၄ တောက်လျှောက်ဖြစ်နေတာ။ မုံရွာမြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူလူထုက ဒီကိစ္စတွေဖြစ်တဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာရော၊ လုံခြုံရေးဆိုင်ရာရော၊ မလုံခြုံဘူးပေါ့ဗျာ၊ တော်လှန်ရေးစစ်စစ်ကို လုပ်နေတဲ့အဖွဲ့တွေကြတော့ အာမခံလို့ ရတာကတော့ တောထဲတွေမှာပဲ လေ့ကျင့်ပြီးတော့ စစ်ကောင်စီတပ်တွေကို တိုက်ဖို့ကိုပဲ အားစိုက်ပြီးပဲ လုပ်နေတဲ့ အဖွဲ့တွေရှိတယ်။ တချို့ကိစ္စတွေတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြန်ပေးဆွဲတာတို့ ကားတွေသိမ်းဆည်းတာတို့ အဲ့ဒါတွေလည်း တချို့တော်လှန်ရေး အဖွဲ့တွေနဲ့ ဆက်စပ်နေတာတွေပေါ့။ ဒါမျိုးတွေလည်း ကြားရတာတွေလည်းရှိပါတယ်။”

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ စိုးဝင်းဆွေက “တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း ဒီကိစ္စတွေအပေါ်မှာ ဝိုင်းဝန်းအသံထွက်ပေးကြဖို့ လိုမယ်လို့ ကျနော်ထင်တယ်။ အဓိကကတော့ တော်လှန်ရေးအင်အားစုတွေဘက်က Call Center လိုမျိုး မုံရွာမှာ ဒီအဖွဲ့တွေရှိလား မရှိလားဆိုတာ မြို့ခံအင်အားစုတွေကနေ အတည်ပြုပေးတာမျိုးပေါ့။ မရှိရင်လည်းမ ရှိဘူးပေါ့ဗျာ။ ရှိရင်လည်း  ဒီလိုလုပ်တဲ့အပေါ်မှာ ဝိုင်းဝန်း ဖျောင်းဖြတာမျိုး ဒါမျိုးမလုပ်ဖို့ပေါ့။ ဒီလိုမျိုးနည်းလမ်းအားဖြင့် ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ တော်လှန်ရေးအဖွဲ့ထဲက ဖြစ်တယ်ဆိုရင်လည်း လက်မခံဘဲနဲ့ အချင်းချင်း ဝိုင်းဝန်းထိန်းကြောင်းကြဖို့ပေါ့။

စစ်ကောင်စီကတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့အဝင်အထွက် အားလုံးကို ထိန်းချုပ်ထားပြီး မြို့တွင်းမှာလည်း အင်အားအများအပြားအသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားလို့မရအောင် ပြင်ဆင်ထားပါတယ်။ အဲ့ဒါအပြင် မုံရွာစီးပွားရေးတက္ကသိုလ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတိုင်းမှာ စစ်သားတွေကို ကင်းချပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024