Home
မြန်မာသတင်း
ဘီးလင်းနှင့် ထီးလင်းတွင် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ
DVB
·
April 28, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်စခန်းတခု ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မကွေးတိုင်း၊ ထီးလင်းမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၂ ခု တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်က အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) လက်အောက်ခံ မဲပလီစခန်းကို ဧပြီ ၂၇ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF) က ပြောပါတယ်။

စကခ ၈ ရဲ့ရှေ့တန်းအခြေပြုဗျူဟာစခန်းဖြစ်တဲ့ မဲပလီတပ်စခန်းရဲ့ ရှေ့ကင်းတဲနဲ့ စခန်းဝင်းအတွင်းကို မွန်းလွဲ ၂ နာရီခွဲလောက်က ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းတစင်း မော်တာလောင်ကျွမ်း ပျက်စီးခဲ့ပေမဲ့ ပစ်မှတ်နေရာကို ထိခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF တာဝန်ခံက ပြောပါတယ်။

“မဲပလီစခန်းရဲ့ကင်းတဲနဲ့ စခန်းဝင်းအတွင်းကို ဒရုန်းနဲ့ဗုံးသီး ၂ လုံးချတိုက်ခိုက်တာပါ။ ပစ်မှတ်ကို ထိပြီး စစ်ကောင်စီ ထိခိုက်မှုရှိနိုင်တယ်ဆိုပေမယ့် အတိအကျမသိရသေးတော့ ဆက်လက်စုံစမ်းနေတုန်းပါပဲ။ သူရိယစစ်ကြောင်းဒရုန်း Team က ဒရုန်းတစင်း မော်တာလောင်ပြီး ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။

မဲပလီစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းက ၈၁ မမ လက်နက်ကြီးတွေနဲ့ ၃ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ‌တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သလို အရပ်သား ထိခိုက်မှုလည်းမရှိဘူးလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF၊ KNLA၊ သူရိယစစ်ကြောင်း ဒရုန်း Team၊ YEF ဒရုန်း Team တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဧပြီ ၂၇ရက်နေ့ မနက်ပိုင်းမှာလဲ သထုံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သိမ်ဆိပ်ရဲစခန်း၊ ခမရ ၉ နဲ့ အမတ ၃၁၄တို့ကို ဒရုန်းနဲ့ ဗုံးသီးချပြီးတိုက်ခိုက်ခဲ့ပါတယ်။

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၂ ခု တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Yaw Revolution Army -YRA ထီးလင်းအဖွဲ့က ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်မှာ ထီးလင်းမြို့နယ် ရွှေအောင်သာအထိုင်တပ်စခန်းကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အထိုင်စခန်းက ဂိုဒေါင်မီးလောင်ခဲ့သလို စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

YRA-ထီးလင်းတာဝန်ခံက “ရွှေအောင်သာစခန်းက ထီးလင်းမြို့တောင်ဘက် ၁၅ မိုင်အကွာကပါ၊ ပထမအကြိမ်ပစ်တော့ ဂိုဒေါင်မီးလောင်ပြီး ၂ ယောက် သေဆုံးပါတယ်၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပါတယ်၊ ရွှေအောင်သာက အိမ်ခြေ ၃၀ ကျော်ရှိတဲ့ရွာလေးပါ၊ အာဏာသိမ်းစ သူတို့ တပ်လာထိုင်တော့ ရွာသားတွေက ရှောင်နေကြရတာပါ”လို့ ပြောပါတယ်။

ဧပြီ  ၂၆ ရက်နေ့ မနက် ၇ နာရီအချိန်မှာလည်း ထီးလင်းမြို့နယ်၊ ရေမျက်နီနယ်မြေရဲကင်းစခန်းကို ဒရုန်းနဲ့ ၆၀ မမဗုံး ၂ လုံးကြဲချပြီးနောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

YRA-ထီးလင်းတာဝန်ခံက “ရေမျက်နီကိုပစ်တော့ သူတို့က ကတုတ်ကျင်းထဲ ဝင်ပုန်းကြတာ ပြန်မပစ်ဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ စခန်းမှာပဲ ဆေးကုနေကြတယ်။ သူတို့မနိုင်တဲ့ လူနာတွေဆိုရင် ကျော-ကပစဘက်ကနေ လာခေါ်လေ့ရှိတယ်” လို့ ဆက်ပြောပါတယ်။

ထီးလင်းမြို့ပေါ်က စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက မြို့နဲ့ ၅ မိုင်ပတ်လည်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာလုယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024