Home
နိုင်ငံတကာ
အစ္စရေးဒရုန်း ၃ စင်းကို လေထဲတွင်ပင် ပစ်ချနိုင်ခဲ့ဟု အီရန် ထုတ်ပြန်
DVB
·
April 20, 2024

အစ္စရေးက ဧပြီ ၁၉ ရက် အစောပိုင်းက အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ လေတပ်စခန်းတခုကိုသာ “အကန့်အသတ်” နဲ့ တိုက်ခိုက်ခဲ့ဖွယ်ရှိတယ်လို့ Times of Israel သတင်းစာက သုံးသပ်ဖော်ပြပါတယ်။

အစ္စရေးအစိုးရနဲ့ စစ်တပ်ဘက်ကတော့ တရားဝင် ဘာမှ မကြေညာပါဘူး။ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ အမေရိကန် အပါအဝင် နိုင်ငံတကာက ဖိအားပေးနေချိန်မှာ နှစ်ဖက်စလုံးကလည်း စစ်ပွဲကြီးဖြစ်မယ့် အနေအထားအထိ ရှေ့ဆက်တိုးဖွယ်မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ဖော်ပြပါတယ်။

အီရန်နိုင်ငံ လေပိုင်နက်ထဲ ဝင်လာတဲ့ ဒရုန်း ၃ စင်းစလုံးကို ပစ်ချနိုင်ခဲ့ပြီး ဒီလိုပစ်ချလို့ ပေါက်ကွဲသံတွေ ကြားခဲ့ရတာလို့ အီရန်ဘက်က တရားဝင် တုံ့ပြန်ထားပါတယ်။

အီရန်ကို အစ္စရေးက တိုက်တယ်ဆိုတာ အမေရိကန်သတင်းဌာနကြီးတွေက အစ္စရေးနဲ့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး အတည်ပြုပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာက အီရန်က သတင်းရင်းမြစ် ၃ ခုကို ကိုးကားဖော်ပြရမှာလည်း အစ္စဖာဟန်က လေတပ်စခန်းကို ထိမှန်တယ်ဆိုတာ အတည်ပြုထားပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုဟာ ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ မဟုတ်ဘဲ ဒရုန်းနဲ့ တိုက်ခိုက်မှုသာ ဖြစ်နိုင်တယ်လို့ Times of Israel သတင်းစာက သုံးသပ်ပါတယ်။

ဖြစ်ဖြစ်ချင်းမှာ အီရန်လေပိုင်နက်အတွင်း ခရီးသည်တင်လေယာဉ်ပျံသန်းမှုတွေပါ ရပ်ဆိုင်းပစ်ခဲ့ပေမဲ့ သောကြာနေ့ မနက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေပြီ ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုဟာ အီရန်အထိရောက်အောင် အစ္စရေးက တိုက်ခိုက်နိုင်တယ်ဆိုတာ သတိပေးတဲ့သဘောလောက်ပဲလို့ အစ္စရေးရင်းမြစ်တခုကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

အီရန်နျူးကလီးယားအဆောက်အဦတွေကို ပစ်မှတ်ထားတာမရှိဘူးလို့ အစ္စရေးက အမေရိကန်ကို အသိပေးထားတယ်လို့လည်း အမေရိကန် တာဝန်ရှိသူတဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024