Home
မြန်မာသတင်း
သင်္ကြန်သံချပ်များဖြင့် စစ်ကောင်စီကို ဝေဖန်ပြီး  တော်လှန်ရေးအစိုးရကို ထောက်ပြ
DVB
·
April 16, 2024

တော်လှန်ရေးကာလ ၃ နှစ်ကျော်လာပေမဲ့ တော်လှန်ရေးအစိုးရဟာ နိုင်ငံရေးနဲ့ စစ်ရေးတွေမှာ အစေး မကပ်သေးဘူးလို့ ဒီနှစ်သင်္ကြန်နဲ့အတူ ထွက်ပေါ်လာတဲ့ သင်္ကြန်သံချပ်တွေက ဝေဖန်ထောက်ပြထားပါတယ်။

တော်လှန်ရေးကာလ သုံးနှစ်ကျော်ရှိလာချိန် ၂ဝ၂၄ ခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နဲ့အတူ ထွက်ပေါ်လာတဲ့ သံချပ်တွေကတော့ ကြားကာလအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ထောက်ပြမှုတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ စစ်ကောင်စီရဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေအတွင်း ပေါ်ပေါက်လာတဲ့ သိသာတဲ့ အရေးနိမ့်မှုတွေ၊ စစ်မှုထမ်းဥပဒေ အစရှိတဲ့ အကြောင်းအရာတွေကို အဓိက သံချပ်ထိုးဝေဖန်ထောက်ပြထားတာကို တွေ့ရပါတယ်။ 

သံချပ်သံတွေဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်တွေ၊ အုပ်ချုပ်သူအစိုးရတွေရဲ့ ပိတ်ပင်မှုတွေ၊ ဆင်ဆာတင်းကျပ်မှုတွေနဲ့ ဖိနှိပ်ခံခဲ့ရပေမဲ့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ လွတ်လပ်တဲ့ သံချပ်တွေ အားကောင်းကောင်းနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါက်ဖွားလာတဲ့ တမာမိုးသံချပ်အဖွဲ့ကတော့ တော်လှန်ရေးကာလ သုံးနှစ်ကျော်ရှိလာပြီဖြစ်ပေမဲ့ နိုင်ငံရေး၊ စစ်ရေး အစေးမကပ်သေးဘူးလို့ ဝေဖန်ထောက်ပြထားပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ အခုနှစ် သင်္ကြန်သံချပ်တွေကတော့ စစ်မှုထမ်းဥပဒေ၊ အညာစစ်ပွဲ၊ NUG အစိုးရရဲ့ အလွဲအချော်တွေ၊ အရင်တုန်းက သင်္ကြန်ကာလကို လွမ်းဆွတ်တဲ့ အကြောင်းတွေကို အဓိကထည့်သွင်းသံချပ်ထိုးထားတယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က DVB ကို ပြောပါတယ်။

၁ဝ နှစ် ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဦးသိန်းစိန် အစိုးရလက်ထက်၊ NLD အစိုးရလက်ထက်နဲ့  စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ တောက်လျှောက် သံချပ်ထိုး ဝေဖန်ထောက်ပြလာတဲ့ သံချပ်အဖွဲ့တခု ဖြစ်ပါတယ်။

အညာဒေသက စစ်ရှောင်ကူရေးအဖွဲ့တခုဖြစ်တဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကတော့ အညာဒေသက အခြေအနေတွေနဲ့ အညာပြည်သူတွေရဲ့ လိုလားချက်၊ အသံတွေကို ကိုယ်စားပြုပြီး သံချပ်ထိုးထားတယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့အတူ တွဲဖက်ပြီး ဖျော်ဖြေလေ့ရှိတဲ့ သင်္ကြန်သံချပ်တွေဟာ ဖျော်ဖြေမှုသက်သက်မဟုတ်ဘဲ အစိုးရနဲ့ အုပ်ချုပ်သူတွေရဲ့ အမြီးအမောက်မတည့်တဲ့ လုပ်ရပ်တွေ၊ ပြည်သူတွေရဲ့ ဘဝနေထိုင်မှုပုံစံတွေ စတဲ့ ခေတ်စနစ်အခြေအနေကို ထင်ဟပ်ထောက်ပြတဲ့ အနုပညာတရပ်ဖြစ်တယ်လို့ တင်စားကြပါတယ်။

ဖူးအိအိနွယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024