Home
မြန်မာသတင်း
အခြေခံပညာစာမေးပွဲ အောင်စာရင်းများ ဧပြီ ၂၇ ရက်ထွက်မည်
DVB
·
April 8, 2024

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ အခြေခံပညာစာမေးပွဲ အောင်စာရင်းတွေကို ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကလွဲပြီး  ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အခြေခံပညာအတန်းတွေဖြစ်တဲ့ Grade 1 ကနေ Grade 11 အထိ စာမေးပွဲ အောင်စာရင်းတွေကို လာမယ့် ဧပြီ ၂၇ ရက် စနေနေ့မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး ခုံနံပါတ်၊ အမည်၊ အဖအမည်တို့နဲ့ ကြေညာမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းပညာရေးမှူးရုံး အရာရှိတဦးက ပြောပါတယ်။

လာမယ့်ပညာသင်နှစ်မှာ ဒေသတချို့ရဲ့ မြို့တွေက ကျောင်းတွေဟာ ဆက်ဖွင့်နိုင်မှာ မဟုတ်တာကြောင့် ကျောင်းတက်လိုတဲ့ ကျောင်းသားကျောင်းသူတွေကို အထူးအစီအစဉ်တရပ်အနေနဲ့ ပညာသင်ခွင့်ရအောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။

“အောင်စာရင်းထုတ်ပြီးရင် ကျောင်းအပ်နှံရေးတွေ လုပ်ဖို့အတွက် အခုကတည်းက ဆွေးနွေးနေပါတယ်။ လာမယ့်နှစ်မှာ တိုက်ပွဲဒေသတွေက ကလေးတွေကို ရောက်နေတဲ့နေရာမှာ ကျောင်းနေနိုင်ဖို့ ဖြေလျှော့မှုတွေပေးပြီး ကျောင်းတက်နိုင်အောင် စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ထက် ကျောင်းနေနှုန်း လျော့ မလျော့ ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။”

ထုတ်ပြန်တဲ့ အောင်စာရင်းတွေထဲမှာ ကယားပြည်နယ်အတွက် မပါဝင်ဘဲ ရခိုင်ပြည်နယ်ရဲ့ ဒေသတချို့မှာ ကျောင်းဆက်မဖွင့်နိုင်တော့တဲ့ အခြေအနေတွေကြောင့် အောင်စာရင်း ထုတ်ပြန်ပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းတက်နှုန်း ပြန်လည်မြင့်တက်ခဲ့တဲ့ စာသင်နှစ်ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၇ သန်းလောက် ကျောင်းပြန်တက်တယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ကြေညာခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024