Home
မြန်မာသတင်း
ရွှေဈေး တကျပ်သားကို ကျပ် ၄၄ သိန်း နီးပါးထိ စံချိန်တင်မြင့်တက်
DVB
·
March 29, 2024

မြန်မာနိုင်ငံရဲ့ ရွှေဈေးကွက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက် မြင့်တက်နေခဲ့ပြီး မတ် ၂၈ ရက်မှာ အခေါက်ရွှေတကျပ်သားကို ကျပ်ငွေ ၄၄ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ရွှေဈေးက တကျပ်သားကို  ကျပ် ၃၁ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့သလို မတ် ၂၈ ရက်မှာ အခေါက်ရွှေဈေးက ကျပ် ၄,၃၉၀,၀၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ပါတယ်။

ရန်ကုန်မြို့ကအထင်ကရ ရွှေဆိုင်ကြီးတွေတည်ရှိရာ မဟာဗန္ဓုလလမ်း၊ လသာနဲ့ ရွှေဘုံသာလမ်းက ရွှေဆိုင်တချို့မှာ ဆိုင်တံခါးစေ့ပြီး အရောင်းအဝယ်ပြုလုပ်နေကြပြီး တချို့ဆိုင်တွေမှာ အရောင်းသာဖွင့်ထားကြပါတယ်။

နဂါးကိုးကောင်၊ ပတ်ကားစတဲ့ ဆိုင်ကြီးအချို့ဆိုင်ဖွင့်ပေမဲ့ ရွှေထည်မရှိပဲ ဝန်ထမ်းတွေ ထိုင်နေကြတာကို တွေ့မြင်ရပါတယ်။

မဟာဗန္ဓုလလမ်းတလျှောက်က ရွှေဆိုင်အသေးတွေမှာလည်း လူမရှိသလောက်ဖြစ်နေပြီး ရွှေမှန်၊ ဈေးမှန်လို့ ယုံကြည်ကြတဲ့ ဆိုင်အနည်းငယ်လောက်သာ ဝယ်သူရှိနေတာကို တွေ့ရပါတယ်။

အခုလို ရွှေဈေးစံချိန်တင်မြင့်တက်လာတာက မြန်မာပြည်သူအများစုအတွက် ရွှေထည် လက်ဝတ်လက်စားလုပ်နိုင်ဖို့က ဝေးသထက်ဝေးလာပြီး ရန်ကုန်မြို့က လူလတ်ပိုင်း လက်လုပ်လက်စား အမျိုးသမီးတဦးက ပြောပါတယ်။

“ခုကတော့မမှန်းတော့ပါဘူး။ စားဖို့တောင် အနိုင်နိုင်ရှာနေရတာ။ အရင်တုန်းက‌တော့ ရွှေဈေးက ဘယ်လောက်မှ မရှိဘူး။ မဲလေးတွေ လုပ်ကြ၊ လုပ်ပြီးတော့ သွားသွား လုပ်တာ။ အခုကတော့ မလုပ်နိုင်တော့ပါဘူး။”

ရွှေပေါက်ဈေးက ၁၆ ပဲရည် တကျပ်သားကို ကျပ် ၄,၃၉၀,၀၀၀ မှာရှိပြီး ၁၅ ပဲရည်ဈေးက ၄,၁၃၀,၀၀၀ ကျော်မှာ ရှိနေပါတယ်။ အဲ့ဒီဆိုင်ကြီးတွေရဲ့ ရွှေပြန်ဝယ်ဈေးကတော့ ၃၈ သိန်းအထက်မှာ ရှိတယ်လို့ သိရ ပါတယ်။

ရွှေဆိုင်တချို့ကတော့ ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားတဲ့ ရည်ညွန်းဈေးထက် အနည်းငယ်လျှော့ပြီး ဆိုင်ဖွင့်ဈေးကို ကျပ် ၃,၇၇၀,၀၀၀ လို့ ဈေးဆိုလာပေမယ့် ၁၅ပဲရည် တကျပ်သားရွေဆွဲကြိုးတကုံးကို ကျပ် ၇ သိန်း အထိဈေးတင်ပြီး အလျော့တွက်လက်ခအပါ ကျပ် ၄၅ သိန်းလောက်ကျသင့်မယ်လို့ ပြောဆိုရောင်း ချနေ ကြပါတယ်။

မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်ဝန်ထမ်းတဦးက “ဆိုင်ဖွင့်ဈေးက ၃၇ သိန်းခုနှစ်သောင်း။ ဟုတ်ကဲ့။ အလျော့တွက်လက်ခပါ ပစ္စည်းဆိုရင် လေးဆယ်ကျော်သွားမယ်။ ၄၅ ဝန်းကျင် လောက်သွားမယ်”လို့ ပြောပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေတကျပ်သားဈေးနှုန်းကို မတ် ၂၈ ရက် ညနေ အပိတ်ဈေးက ကျပ် ၃,၇၉၇,၆၀၀ လို့ ထုတ်ပြန်ထားပြီး ပြင်ပပေါက်ဈေးမှာတော့ ကျပ် ၆ သိန်းလောက်ကွာဟပြီး ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းက စစ်ကောင်စီရဲ့ ရွှေနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်း ကြပ် မတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ရွှေရောင်းဝယ်ရာမှာ မသမာပြုလုပ်ပြီး ဈေးကစားမှုအပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်ဖို့၊ တည်ဆဲဥပဒေနဲ့အညီ အမိန့်ထုတ်ပြန်ရာမှာ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုအဖြစ်သတ်မှတ်နိုင်ဖို့၊ ရည်ညွှန်းရွှေဈေးထက် ကျော်လွန်ရောင်းချသူများကို အရေးယူနိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ဆောင်ရွက်နိုင်တာမတွေ့ရသေးပါဘူး။

လက်ရှိမှာ ရန်ကုန်၊ မန္တလေးတို့က ရွှေလုပ်ငန်းရှင် ကုန်သည် အယောက် ၃၀ စစ်ဆေးမေးမြန်းခံနေရဆဲ ဖြစ်ပြီး စစ်ကောင်စီက အရင်ကလည်း ဈေးကွက်ကို ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အောင်မြင်တာမရှိသလို အခုလို ထပ်မံထိန်းချုပ်ဖို့ ပြင်ဆင်လာတာက မှောင်ခိုဈေးကွက်ကိုသာ ပိုပြီးကြိုးထွားလာစေမယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024