Home
မြန်မာသတင်း
မင်းတုန်းတွင် တိုက်ပွဲဖြစ်၊ မတ္တရာမြို့နယ်က နေအိမ်နှင့်ပဲမှော်စင် ၉ လုံးကို  စစ်တပ်မီးရှို့ 
DVB
·
March 27, 2024

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် တိုင်တားကျေးရွာ အနောက်ဘက် ဘုရားကုန်းအနီးမှာ မတ် ၂၆ ရက်က ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်  လှည့်ကင်းရဲဘော်တွေ ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရုတ်တရက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိဘဲ  စစ်ကောင်စီတပ်သား တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ 

တိုင်တားကျေးရွာမှာ စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော် အထိုင်ချတပ်စွဲထားတာ ၁၄ ရက်ကျော်ခဲ့ပြီဖြစ်ပြီး ကျေးရွာပတ်ပတ်လည်မှာလည်း ကင်းပုန်းတွေ မကြာခဏ ရောက်ရှိနေတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

United States Of Burma Army - USBA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဗဟိန်းက "တိုင်းတာရွာတွင်းက ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ဝေးရာမှာ နေထိုင်စေချင်ပါတယ်။ ကျနော်တို့ မဟာမိတ်တပ်တွေကလည်း အဖွဲ့နာမည်တွေ ကွဲပြားပေမဲ့ စစ်ဆင်ရေးတွေကို တသားတည်းဖြစ်အောင် တိုင်ပင်ညှိနှိုင်းဆောင်ရွက်နေတာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်များအဖွဲ့ဟာ United States Of Burma Army - USBA၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Key Of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းစုဖွဲ့ထားတာဖြစ်ပြီး မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်တွေမှာ စစ်ဆင်ရေး လှုပ်ရှားဆောင်ရွက်နေကြတာပါ။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆောက်ချုံပေါက်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မတ် ၂၆ ရက်မနက်အစောပိုင်းမှာ ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ် ငါးလုံးနဲ့ ပဲမှော်စင် လေးလုံးတို့ကို မီးရှို့ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

"မတ္တရာမြို့နယ် သီလကုန်းကျေးရွာက စစ်သား၊ ပြည်သူ့စစ်အင်အား ၇၀ နဲ့  တောင်ကိုင်း(အောက်) ကျေးရွာကို စစ်ကြောင်းထိုးဝင်တယ်၊ ရွှေကျောင်းကျေးရွာက ပြည်သူ့စစ် ၃၀ ခန့် စစ်ကြောင်းတကြောင်းရယ်၊ ငယ်တိုးကျေးရွာမှ စစ်သားနဲ့ ပျူစောထီး ၃၅ ခန့်ပါ စစ်ကြောင်းတို့ပေါင်းပြီး စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးလာတာ" လို့ မတ္တရာ မြို့နယ်ပကဖ သတင်းတာဝန်ခံ ဘိုတောက်က ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ဆောက်ချုံပေါက်ရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့တာကြောင့် စစ်ရှောင်တွေ နေရပ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်က မတ် ၂၃ ရက်ကလည်း မတ္တရာအရှေ့ခြမ်းကို အင်အားသုံးစစ်ကြောင်းထိုး မီးရှို့တာကြောင့် ကျေးရွာငါးရွာက နေအိမ် ၆၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024