Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်ဒေသ စစ်ရှောင်များ အစားအသောက် နေရာထိုင်ခင်းများ လိုအပ်နေ
DVB
·
March 27, 2024

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေအတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ အကူအညီလို အပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် မလိယန်နဲ့ဆွမ်ပရာဘွမ်မြို့ ပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ရာကနေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဆွမ်ပရာမြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာကပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

မတ် ၉ ရက်က စတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူ ၁၃၀၀ နီးပါး ဘေးလွတ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတာ  သီတင်း နှစ်ပတ်ကျော်လာပြီလို့ ဆိုပါတယ်။        

တိမ်းရှောင်နေထိုင်ရတာ အချိန်ကြာလာသလို လမ်းပိတ်ထားတဲ့ အခြေအနေတွေကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်လာသလို မိုးရွာသွန်းတာကြောင့် တောတောင်ထဲမှာ မိုးကာတဲနဲ့ တိမ်းရှောင်နေရပြီး နေရာထိုင်ခင်းအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆွမ်ပရာဘွမ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။  

ဆွမ်ပရာဘွမ်မြို့က ပြည်သူတွေဟာ မြစ်ကြီးနားကနေ မိုင် ၁၀၀ ဝေးကွာတဲ့ ခဂရန်းယန်၊ ဇွပ်ယန်၊ မိုင်ထောင်ကျေး ရွာတွေမှာလည်း တိမ်းရှောင်နေထိုင်နေရတယ်လို့ ဆိုပါတယ်။

တောင်တောင်တွေမှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေမှာ အသက် ၁၀၀ ကျော် အသက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်သည် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း အများအပြား ပါဝင်ကြောင်း၊ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

တိမ်းရှောင်ပြည်သူတွေဟာ လက်ရှိအချိန်အထိ ထောက်ပံ့ကူညီရေးအဖွဲ့တွေနဲ့ ဆက်သွယ်ရရှိမှု မရှိသေးသလို ဝမ်းရေးအတွက် သွားလာလို့ရတဲ့ ကျေးရွာက ပြည်သူတွေမှာရှိတဲ့ စားနပ်ရိက္ခာတွေကို ခွဲဝေစားသောက်နေရပြီး ရေရှည်မှာတော့ စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်တယ်လို့ တိမ်းရှောင်ပြည်သူတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေ အကူအညီတွေ ပို့ပေးနိုင်ဖို့လည်း ခက်ခဲနေပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဆွမ်ပရာဘွမ်မြို့အနီးက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေဆဲဖြစ်သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေလည်း နေ့တိုင်းနီးပါး လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024