Home
မြန်မာသတင်း
တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်က အခွန်ကောက်
DVB
·
March 19, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေကို PNO ပြည်သူ့စစ်က ယာဥ်တွေ၊ စက်တွေအတွက် အခွန်ပေးဆောင်ဖို့ စာထုတ်ပြီး အဓမ္မ ဆက်ကြေးကောက်နေတယ်လို့ ဒေသခံထံက သိရပါတယ်။

အခု မတ် ၁၅ ရက်က လာရောက်ကောက်ခံခဲ့ပြီး အိမ်စီးကား ၅၀,၀၀၀၊ တင်ဘာကား ၁၄ ပေအောက် ၁၀၀,၀၀၀၊ ထွန်ကား ၁၀၀,၀၀၀၊ ဆယ်ဘီး ၂၀၀,၀၀၀၊ ဆယ့်နှစ်ဘီးတွဲ ၃၀၀,၀၀၀၊ ဘက်ဖိုး တတန်နှုန်း ၅၀,၀၀၀၊ စပါးကြိတ်စက် အသေး ၅၀,၀၀၀၊ အလတ် ၃၀၀,၀၀၀၊ အကြီး ၅၀၀,၀၀၀၊ ဆီစက် ၁၀၀,၀၀၀ နဲ့ ဆီပန့်ဆိုင် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျပ် ကောက်ခံတယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “သူတို့လက်အောက် နေနေရတယ်ဆိုတော့ ပေးရတာပါပဲ။ ထွက်ပြေးလွတ်‌မြောက်ဖို့လည်း မလွယ်ဘူးလေ။ မပေးရင် အိမ်မီးရှို့မယ်လို့တောင် ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ နောင်ကားကျေးရွာအုပ်စုအတွင်း PNA ပြည်သူ့စစ်က ငွေကောက်တာ သုံးကြိမ်ရှိပြီဖြစ်ပြီး ပထမတကြိမ်က ဒရုန်းဝယ်ဖို့ဆိုပြီး တအိမ် ငွေ ၅၀,၀၀၀၊ ဒုတိယအကြိမ်က လုံခြုံရေးအတွက်ဆိုပြီး တအိမ် ၃၀,၀၀၀ စသဖြင့် ကောက်ခံခဲ့တယ်လို့ ပြောပါတယ်။

နောက်ဒေသခံတဦးက “ပြည်သူတွေက အခုချိန် အကုန်ခက်ခဲကြတယ်။ အဲဒါ သူတို့က ပြည်သူကို ကူညီရမယ့်အစား ပိုက်ဆံပဲ မတရားကောက်နေတာ။ အခက်အခဲတွေ အရမ်းဖြစ်စေတယ်။ ဆီတွေ ဆားတွေ ဝယ်စားရမယ့်ပိုက်ဆံကို သူတို့ကိုပဲ ပေးနေရတော့ ဖြစ်သလိုပဲ စားနေရတယ်” လို့ ပြောပါတယ်။

PNA ပြည်သူ့စစ်က ဒေသခံတွေကို အတင်း ဆက်ကြေးကောက်နေတဲ့အပြင် ပြည်သူ့စစ်မှုထမ်းဖို့လည်း လူငယ်တွေကို ဆင့်ခေါ်စုဆောင်းပြီး ကျေးရွာတရွာကို လူငယ် ၆ ဦး လစဉ်ပေးရတယ်လို့ ပြောပါတယ်။

“သူတို့အတွက် လူလည်းပေးရတယ်။ တချို့က စစ်သင်တန်းတက်ပြီး အိမ်ပြန်ရောက်လာပေမဲ့ အများစုက ပြန်မရောက်ဘူး။ ရွာကလူငယ် စစ်သင်တန်းတက်ပြီး အဆက်အသွယ်မရတာ ၁၀ ယောက်ကျော်ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် PNA ပြည်သူ့စစ်က ရှမ်းတောင် ပင်လောင်း၊ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ကလောမြို့နယ် ပအိုဝ်းကျေးရွာတို့မှာ ဆက်ကြေးကောက်တာ၊ စစ်သားစုဆောင်းတာတို့ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာတယ်လို့ ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး PNA တာဝန်ရှိသူ ဗိုလ်မှူးခွန်ထွန်းရွှေနဲ့ ဗိုလ်မှူးခွန်ကျော်သူကို ဖုန်းဆက်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024