Home
မြန်မာသတင်း
တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲများနှင့် နွေဦးတော်လှန်ရေးထပ်တူထပ်မျှဖြစ်ဟု NUG ပြော
DVB
·
March 6, 2024

တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူထပ်မျှဖြစ်တယ် ဆိုတာကို သတိချပ်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

မတ် ၅ ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာတွေဟာ စကားလုံးအနေနဲ့ အပြင် လက်တွေ့အားဖြင့် ကာယကံမြောက် ပြသနိုင်ဖို့လည်း အထူးလိုအပ်တယ်လို့ ဆိုပါတယ်။

“အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာတွေဟာ စကားလုံးအနေနဲ့ ရှိရမှာ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် ကာယကံမြောက် ပြသနိုင်ဖို့ အထူးလိုအပ်ပါတယ်။ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုပါတယ်။ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူ့အခွင့်အရေး ပြည့်ဝသော ပြည်ထောင်စုတည်ဆောက်ရေးမှာ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ အာမခံချက်ရှိတဲ့ အဆင့်အတန်းမျိုးကို ကောင်းစွာ ရရှိလိမ့်မယ်လို့ ပြောကြားအပ်ပါတယ်။”

ဒါ့အပြင် NUG အစိုးရအနေနဲ့ နွေဦးတော်လှန်ရေးအတွင်းက တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေရဲ့ အောင်ပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပြီး တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေ အရှိန်အဟုန်မြင့်မြင့် တက်လှမ်းနိုင်ရေးအတွက်လည်း အားလုံး ဝိုင်းဝန်းအားပေး ကူညီဖို့လည်း အလေးအနက်ထား တိုက်တွန်းထားပါတယ်။

“မနေ့က ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက်တချို့ကို ကျနော်တို့ သိနားလည်ခွင့် ရခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပြည်ထောင်စုထဲက ခွဲမထွက်ဘူးဆိုတဲ့ သဘောထားကိုလည်း ထင်ထင်ရှားရှား တွေ့လိုက်ရပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ပြည်ထောင်စု စုဖွဲ့မှုအပေါ် ကောင်းသောအထောက်အပံ့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီအတွက် အဓိကအရေးအကြီးဆုံးဟာ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ခုခံတော်လှန်စစ်လှိုင်းလုံးနဲ့အတူ တိုင်းရင်းသားလွတ်မြောက်ရေးကို အချိန်တိုအတွင်း အဆင့်ပေါင်းများစွာ တက်လှမ်းနိုင်တဲ့အတွက် နိုင်ငံရေးအရ ကြီးမားသောအောင်ပွဲ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အခုဆိုရင် ရက္ခိုင်ပြည်နယ် မြောက်ပိုင်းဧရိယာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အလုံးစုံ မောင်းထုတ် ချေမှုန်းနိုင်ဖို့ အထူးဝီရိယ စိုက်ထုတ်နေကြတာကို အထင်အရှား တွေ့မြင်ရပါတယ်။ ကျနော်တို့အနေနဲ့ ရခိုင်တော်လှန်ရေးအောင်ပွဲတွေဟာ အားတက်စရာ ဖြစ်သလို ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးကလည်း ဒီလို ခုခံတော်လှန်စစ်ရေး အောင်ပွဲတွေ၊ တိုင်းရင်းသား တော်လှန်ရေးတွေ အောင်ပွဲခံလာနိုင်ခြင်းအပေါ် တခဲနက် အားပေးထောက်ခံကြတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး တန်းတူညီစွာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိနိုင်ရေးကို ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ပါတယ်။ အခြေအနေအရ အချိုးမညီစွာ ဖြစ်တည်တဲ့ နိုင်ငံရေး အခြေအနေတွေ ရှိလာရင်လည်း ဒီအခြေအနေတွေကို ကွာဟချက် မကြီးမားအောင် ဘယ်လို ကြိုးစားရမလဲဆိုတာ အမြဲ အာရုံစိုက်နေရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ စစ်ရေးအောင်ပွဲ ရလဒ်တွေကို စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဝိုင်းဝန်းအားထုတ် ကျေးဇူးပြုကြဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် အာရုံစိုက်မှုဟာ ဒီ့နောက်ပိုင်း ခပ်စိပ်စိပ် ဖြစ်လာသလို ခပ်သွက်သွက် ဖြစ်လာတာကို တွေ့ရပြီး အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်ရပ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်လာတာကို တွေ့ရတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကျနော်တို့ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို နယ်မြေအလိုက်၊ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် အနုစိတ် နားလည်သဘောပေါက်ထားရမယ်လို့ ယူဆပါတယ်။ အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပေါ် အခြေအနေတွေမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်ရေးအတွက် အာရုံစိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းဒေသမှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကို သေချာ ထိထိရောက်ရောက် ချိတ်ဆက် ကူညီနိုင်ရေးကို အလေးထား လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ စစ်ရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အခြေအနေ တိုးတက်ကောင်းမွန်မှုတွေ အမြောက်အမြား တွေ့ရပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မျှခြေညီအောင် အစဉ်တစိုက် သတိထား ကြိုးစားနေကြတယ် ဆိုတာ တွေ့ရပါတယ်။”

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား စစ်မီး တောက်လောင်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024