Home
မြန်မာသတင်း
တန့်ဆည် ကံထူးမရဲစခန်းကို PDF ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
March 5, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာရဲစခန်းကို မတ် ၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရဲတပ်ရင်း ၁၆၊ ခမရ-၃၁၆ နဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ကံထူးမရွာရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မတ် ၄ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွားတဲ့အတွက် ကံထူးမရဲစခန်းကို သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း၊ ငွေကျပ် ၃၈ သိန်းနဲ့ မော်တော်ယာဉ်တွေပါ ရရှိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တန့်ဆည်ဒေသခံတဦးက “(--)တွေ စွန့်သွားပါပြီ။ အသက်တွေ၊ ဘဝတွေ၊ အိုးအိမ်တွေ အများကြီး ပေးဆပ်လိုက်ရပါတယ်။ (--)တွေ မီးရှို့လိုက်တာ အဲဒီရပ်ကွက်တခုလုံးနီးပါး ပြာကျသွားပြီ။ ရဲစခန်းရော မီးကူးလို့ ကုန်ပြီ။ ရွာသားတွေကတော့ ပြန်လာနေကြပြီ။ လေယဥ်ကြောက်လို့ နည်းနည်းပဲရှိသေးတယ်” လို့ ပြောပါတယ်။

ကံထူးမတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး တန့်ဆန်မြို့နယ် ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနဲ့ ကန့်ဘလူမြို့နယ်ထဲက ဦးဝါသဝ ပျူစောထီးစစ်ကြောင်းက စစ်ကူပေးဖို့ တန့်ဆည်မြို့နယ်ထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အရပ်သား ၁၁ ဦးကို အပိုင်းပိုင်းခုတ် သတ်ဖြတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024