ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရက်အကန့်သတ်မရှိ ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ သိရပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်တွေမြို့ပေါ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးအားလုံးကို အစည်းအဝေးခေါ်ယူပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တယ်လို့ စစ်တွေမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ပြောပါတယ်။
စစ်တွေမြို့က စားသောက်ဆိုင်တွေနဲ့ လမ်းဘေးစျေးဆိုင်တွေကို ည ၈ နာရီခွဲမှာ ပိတ်သိမ်းပြီး လုပ်သားပြည်သူတွေအနေနဲ့ ည ၉ နာရီအချိန် အပြင်မထွက်ဖို့ကို ရက်အကန့်သတ်မရှိ ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ပေါ်မှာတော့ ကျေးရွာဘက်တွေ၊ နယ်ဘက်တွေက စျေးလာဝယ်တဲ့ ပြည်သူတွေ ပိတ်မိနေပြီး ခရီးသွားပြည်သူတွေအနေနဲ့ မြို့ပေါ်မှာ သွားတာလာတာ အထူးဂရုစိုက်ဖို့ လိုအပ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်က တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက် ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလို့ ဒေသခံပြည်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီမနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေရဲစခန်းတခု၊ နယ်ခြားစောင့်စခန်းတခုနဲ့ စစ်ကောင်စီကား ၂ စီး သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီဘက်က အရာရှိ ၂ ယောက်နဲ့ တပ်သားတချို့ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ဘူတာ တပ်စခန်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ဘူတာ တပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်လောက်မှာ စခန်းစွန့်ခွာပြီး လိုက်ထရပ်ကားနှစ်စီး၊ ကုန်တင်ကားတစီးနဲ့ စစ်တွေတပ်နယ်ဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
အဲဒီတပ်စခန်းက ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ စဖြစ်ကတည်းက အထိုင်ချ တပ်စွဲထားတာဖြစ်ပြီး အင်အား ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ ပြောပါတယ်။
တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က အကြောက်တရားတွေ လွှမ်းမိုးနေပြီး စစ်ကောင်စီကင်းစခန်းတချို့ ဆုတ်ခွာတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာတော့ နယ်မြေ ၁ အောင်သပြေလမ်းကြောင်းမှ ညီနောင်မဟာမိတ် ၃ ဖွဲ့ အင်အား ၄၀၀ ကျော် ဝင်ရောက်လာတဲ့ သတင်းကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ လက်အောက်ခံ တပ်မှန်သမျှ အရေးပေါ် တပ်လှန့်ထားကြောင်း တပ်တွင်းနီးစပ်သူတွေထံက သိရပါတယ်။
တပ်တွင်းနီးစပ်သူတဦးက “ဘူးသီးတောင်က တပ်ရင်း၊ တပ်ဖွဲ့ အားလုံး အဆင်သင့် အနေအထား ပြင်ဆင်ထားတယ်လို့ သိရတယ်ဗျ။ အမြောက်တပ်ရင်း အပါအဝင် အရင် AA နဲ့ တိုက်ပွဲတုန်းက ပစ်ခဲ့တဲ့ ဒုံးကျည်စခန်းကိုပါ အဆင်သင့်လုပ်ထားကြတယ်လို့ တိကျစွာ သိထားရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် ညက မောင်တောမြို့မရဲစခန်းနဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်တွေကို PDF က ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်မယ့်သတင်းကြောင့် မောင်တောမြို့တွင်းမှာ စစ်ကားတွေ လှည့်ပတ်နေပြီး မောင်တောဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတို့က စစ်ဆင်ရေးတွေ ရခိုင်ပြည်နယ်ကို ကူးစက်လာနိုင်ပြီး မြန်မာစစ်တပ်နဲ့ စစ်ဖြစ်ပွားနိုင်ခြေ ရှိနေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ရက္ခိုင့်တပ်တော် အောက်ခြေ တာဝန်ရှိသူတွေက ညွှန်ကြားထားကြောင်း AA နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်ရေးလေ့လာသူ ရခိုင်ဒေသခံတဦးက “လက်ရှိမှာ စစ်ကောင်စီတပ်တွေက ရခိုင်ပြည်အနှံ့က တပ်စခန်းတွေကို အင်အားတိုးချဲ့တာတွေ ပြုလုပ်နေတယ်။ ကုန်းလမ်း၊ ရေလမ်းတွေမှာလည်း အရင်ကထက် စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာနေတယ်။ အထူးသဖြင့် ရခိုင်ဒေသက AA အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ အပူတပြင်း ကြိုးပမ်းနေကြတာဆိုတော့ နှစ်ဖက် စစ်ရေးတင်းမာလာနိုင်တာပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း AA က တိုက်ပွဲတွေ ဖော်ဆောင်နေသလို ရှမ်း၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့မှာလည်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်မျက်နှာမဖွင့်နိုင်သေးကြောင်း စစ်ရေးလေ့လာသူတချို့က သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီနေ့မနက် တိုက်ပွဲပြန်ဖြစ်တာကြောင့် ပြည်-တောင်ကုတ် ကားလမ်း၊ မင်းဘူး-အမ်း လမ်းနဲ့ ဂွ-ငသိုင်းချောင်းလမ်းတွေ အားလုံးကို ကြိုတင်အကြောင်းကြားတာမျိုး မရှိဘဲ စစ်ကောင်စီတပ်က ပိတ်လိုက်ပြီး ကားတွေကို အတင်းပြန်လွှတ်နေတယ်လို့ အဝေးပြေးကားသမားတယောက်ထံက သိရပါတယ်။
ဥသျှစ်ပင်မြို့နေသူတယောက်က “မနက်က ကြက်သွန်ကားတွေ ပြန်ဆင်းလာတာတွေ့လို့ မေးကြည့်တာ ရခိုင်နယ်စပ်ဂိတ် ညောင်ဂျိုးစခန်းက ကားတွေကို အတင်းပြန်လွှတ်တာတဲ့။ အဲ့ဒီမှာ ရပ်ပြီး မနေဖို့နဲ့ အတင်း ခေါင်းပြန်လှည့်ခိုင်းလို့ ပြန်ဆင်းလာရတာ။ ရခိုင်ဘက်က ဆင်းလာတဲ့ ကားတွေကိုလည်း ပြန်လှည့်ခိုင်းလို့ ပြန်သွားကြပြီလို့ ကြက်သွန်ကားသမားတွေထံကနေ တဆင့်သိရတယ်” လို့ ပြောပါတယ်။
ဂွမြို့နေသူတယောက်က “ရခိုင်ပြည်ထဲကို ဘယ်ကားမှ အဝင်မခံတော့တာ။ တောင်ကုတ်ဘက်တော့ ဘာမှမဖြစ်ပါဘူး။ ရသေ့တောင်နဲ့ မင်းပြားမှာတော့ တိုက်ပွဲတွေဖြစ်တယ် ကြားတယ်။ မင်းပြားမှာ စစ်ကောင်စီကားနှစ်စီး တိုက်ခိုက်ခံရတယ်။ တစီးကိုတော့ မီးပါရှို့ခံလိုက်ရတယ်။ အဲ့ဒါကြောင့် ဒီနေ့မနက် ၅ နာရီလောက်ကတည်းက ပြည်-တောင်ကုတ်ကားလမ်း၊ မင်းဘူး-အမ်းလမ်းနဲ့ ငသိုင်းချောင်းလမ်းတွေပါ ပိတ်ထားလိုက်ပါပြီ။ ကုန်ဈေးနှုန်းတွေကတော့ အရမ်းတက်လာတော့မှာ။ လူတွေဒုက္ခရောက်တော့မှာ” လို့ ပြောပါတယ်။
ကျောက်တော်မြို့မှာလည်း ဒီနေ့မနက် အပေါက်ဝကျေးရွာက စစ်ကောင်စီရဲစခန်းက စခန်းတခုလုံး AA ထံ လက်နက်ချသွားပြီး ရသေ့တောင်နဲ့ မြောက်ဦးတို့မှာလည်း စစ်ကောင်စီနဲ့ မဟာမိတ်ညီနောင်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။