ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေ သိသိသာသာ တိုးလာပြီးတဲ့နောက် ရုရှားဟာ အဲဒီနေရာက ယူကရိန်း ကာကွယ်ရေးစည်းကို ဖြတ်ကျော်ဖို့ ရည်မှန်းနေတယ်လို့ ယူကရိန်း မြေပြင်တပ်ဖွဲ့ရဲ့ တပ်မှူးက အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။
မြေပြင်တပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ဗိုလ်ချုပ်ကြီး အိုလက်စန်းဒါး စီယာစကီက တောအုပ်အတွင်း ဘယ်နားမှန်းမသိရတဲ့ နေရာတခုမှာ တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံနေပုံကို ပြသခဲ့ပါတယ်။
ယူကရိန်း အရှေ့မြောက်ပိုင်း ကူပြန့်စ်ခ် လီမန် ဒေသမှာ တိုက်ပွဲတွေ သိသိသာသာ တိုးလာတယ်လို့ ပြောထားတာကိုလည်း ကိုးကား ဖော်ပြခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားစစ်တပ်က လုံးလုံးလျားလျား ကျူးကျော်တာခံရအပြီး လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်က ကူပြန့်စ်ခ်မြို့နဲ့ အနီးဝန်းကျင် ဒေသတွေကို ပြန်သိမ်းပိုက်နိုင်ခဲ့တာပါ။
ခုတော့ ရုရှားတပ်ဖွဲ့တွေက အဲဒီဒေသမှာ ထပ်တိုက်ခိုက်ခဲ့ပါတယ်။ အထူးသဖြင့် ကူပြန့်စ်ခ်မြို့ အနီးတဝိုက်၊ ဒန်ညက်စ်ဒေသထဲက အဗ်ဒီးဗ်ခါနဲ့ မာရင်ကာမြို့တွေအနား အရှေ့ဘက် မျက်နှာစာတလျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ယူကရိန်းစစ်တပ်က သူ့ရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters