ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ စက်တင်ဘာလ ၁၀ ရက် အစောပိုင်းတုန်းက ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။
ယူကရိန်းမြို့တော်နဲ့ ဒေသတစ်ဝိုက်မှာ ၂ နာရီ နီးပါးကြာတဲ့အထိ ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့သလို ဒီမြို့တော်ရဲ့ အလယ်ပိုင်းခရိုင် အများအပြားမှာလည်း ဒရုန်း အပျက်အစီးတွေ ပျက်ကျလာခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ အီရန်ထုတ် ရှာဟတ်ဒရုန်းပေါင်း ၃၂ စင်းထဲမှ ၂၅ စင်းကို လေကြောင်းရန် ကာကွယ်ရေး စနစ်အနေနဲ့ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းမြေပြင်တပ်ဖွဲ့က ပြောကြားပါတယ်။
အဲ့ဒီဒရုန်းအများစုဟာ ကိဗ်မြို့တော်နဲ့ ကိဗ်ဒေသတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ကိဗ်မြို့တဝန်းမှာ အနည်းဆုံးပေါက်ကွဲသံ ၅ ခုအထိ ကြားသိခဲ့ရပြီး ဒရုန်းအပျက်အစီးတွေ ပြုတ်ကျလာရာက အစိုးရအဆောက်အအုံတစ်ခု ကိုပါ ပျက်စီးစေခဲ့တယ်လို့ ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေတွေအနေနဲ့ ပြောသွားပါတယ်။
ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုကတော့ သမိုင်းဝင် ပိုဒီးလ်ရပ်ကွက်မှာ လူတစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် မြို့တော်ရဲ့ ပန်းခြံတစ်ခုအနီးမှာပါ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters