Email This Story :
ဂျပန်နိုင်ငံတလွှား အပူချိန်လျော့ကျပြီး တချို့နေရာတွေမှာ နှင်းတွေ အကြီးအကျယ်ကျဆင်းပြီး လှိုင်းကြီးမှုကြောင့် ရေလွှမ်းမိုးလို့ လူ ၃ ဦး သေဆုံးပါတယ်။
ဂျပန်မိုးလေဝသ အေဂျင်စီ JMA ကလည်း ပြည်သူတွေ ပိုသတိထားကြဖို့ ဆော်သြလိုက်ပါတယ်။
နိအိငတခရိုင်က တယောက်နဲ့ အခိတခရိုင်က တယောက်တို့ဟာ နှင်းကျုံးရင်း သေဆုံးခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဆိုပါတယ်။ နောက်တယောက်ကတော့ နှင်းကြောင့် လမ်းပေါ်မှာ ကားတွေ ဆင့်ကဲ တိုက်မိမှုကြောင့် သေဆုံးတာပါ။
နိအိငတခရိုင်မှာ တရက်အတွင်း နှင်းက ၃.၂ ပေထိ ကျဆင်းခဲ့ပါတယ်။ တချို့မြို့တွေမှာတော့ နှင်းက လူတရပ်လောက်ထိ ကျဆင်းခဲ့ပါတယ်။
ဂျပန်စက်မှုမြို့ နာဂိုယာမှာ အရင်က ဒီဇင်ဘာလအတွင်း နှင်းကျမှု ရှားပါးပေမယ့် ညတွင်းချင်းမှာ နှင်းက ၇.၈ လက်မထိ ကျဆင်းခဲ့ပါတယ်။
မုန်တိုင်းရဲ့ လေဖိအားနည်းရပ်ဝန်းစနစ်ကြောင့် ဂျပန် မြောက်ပိုင်း နဲမုရိုမြို့မှာ လှိုင်းကြီးပြီး မြို့ရဲ့ ကမ်းရိုးတန်း ဒေသတွေမှာ ရေလွှမ်းမိုးနေတာပါ။ ဒါကြောင့် စားသောက်ဆိုင်တဆိုင်က နှစ်သစ်ကြိုဆိုမယ့် ပြင်ဆင်မှုတွေ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတလွှားက ခရီးသည်အများအပြား ကတော့ ဒီနှစ်မှာ ကောင်းတဲ့အဆုံးသတ်ကို ရဖို့မလွယ် ဖြစ်နေပါတယ်။ မိုးလေဝသကြောင့် မြန်နှုန်းမြင့် ကျည်ဆန်ရထား ခရီးစဉ်တွေ အပါအဝင် ရာနဲ့ ချီတဲ့ ရထားခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
ဂျပန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းက နေရာတွေကို မုန်တိုင်းတိုက်ခတ်ခဲ့လို့ နိုင်ငံတလွှား လေကြောင်း ခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ မြို့တော်တိုကျိုကိုတော့ ဆိုးရွားတဲ့ ရာသီဥတုက သက်ရောက်မှု မရှိခဲ့ပါဘူး။