Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မှာလား
DVB
·
April 10, 2024

ပျောက်ဆုံးစာရင်းထဲ ရောက်နေတာ ကြာပြီဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်ကို မြန်မာ့အရေး အမေရိကန်ပေးတဲ့ အကူအညီ ဒေါ်လာ ၁၂၁ သန်းနဲ့အတူ ပြန်တွေ့လာရတယ်။ မတ်လ ၂၈ ရက်မှာ K3C လို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ တွေ့ဆုံဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒဲရစ်ချောလက်က နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကူအညီ လိုအပ်နေသူတွေကို အကူအညီပေးအပ်မှု တိုးမြှင့်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့အနာဂတ် ဖြစ်လာအောင် လုပ်နိုင်မယ့် ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

တကယ်တော့ အဲဒီဆွေးနွေးမှုဟာ မြန်မာစစ်ဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ရဲ့ အကူအညီပေးအပ်မှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လမ်းကြောင်းတွေကနေ တိုက်ရိုက်သွားဖို့ ဆွေးနွေးကြတာလို့ အကဲခတ်တွေက မှတ်ချက်ပေးကြပါတယ်။ ဒဲရစ်ချောလက် ပြောတဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်အရေး ဆွေးနွေးကြတယ် ဆိုတာကတော့ သံတမန်ကြီးတို့ ထုံးစံအတိုင်း လူကြားကောင်းအောင် တန်ဆာဆင်ထားခြင်းမျှသာ ဖြစ်ပါလိမ့်မယ်။

အမေရိကန်က မြန်မာအရေး ငွေထုပ်ပိုက် ရောက်လာပြီး မကြာခင်မှာပဲ တရုတ်ကလည်း မြန်မာ့အရေး ကူညီပါရစေဆိုပြီး ပျာယာခတ်ကာ နေပြည်တော်ကို ပေါက်ချလာပါတော့တယ်။ ဧပြီ ၁ ရက်မှာ တရုတ်အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ချလာပြီး မင်းအောင်လှိုင်နဲ့တွေ့၊ နယ်စပ်လုံခြုံရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းအရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး ဧပြီ ၄ ရက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ပထမဆုံးအကြိမ် တံခါးဖွင့်အစည်းအဝေးမှာ တရုတ်ရဲ့ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Geng Shuang က “မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ အဖွဲ့ဝင်နိုင်ငံအချို့က တောင်းဆိုတာတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံက ဒီလိုနည်းလမ်းတွေကို ဆန့်ကျင်ပါတယ်။ ဒီလိုလုပ်တာဟာ ရန်လိုမုန်းတီးမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီတံခါးဖွင့်အစည်းအဝေးမှာ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာပိုင် ရုရှားကလည်း နေပြည်တော်ကို မထိနဲ့ ဆိုတဲ့ သဘောထားကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့တာကြောင့် လုံခြုံရေးကောင်စီ လမ်းကြောင်းကနေ အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှု တခုခု ဖြစ်ပေါ်လာရေးဆိုတာ အိပ်မက်မျှသာဖြစ်ကြောင်း ဖော်ပြနေပါတယ်။

တံခါးဖွင့်အစည်းအဝေးမှာပဲ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Geng Shuang က ရခိုင်ပြည်နယ်ပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာရေး တရုတ်က ပံ့ပိုးသွားမှာဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေးအတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့လည်း ပြောပါတယ်။

တရုတ်ကိုယ်စားလှယ်က အဲဒီလို ပြောကြားချိန်မှာ ရက္ခိုင့်တပ်တော် AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ ၈ မြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သလို တရုတ်အကျိုးစီးပွားတွေ နင့်နေအောင်ရှိတဲ့ ကျောက်ဖြူမြို့နားကိုလည်း ကျည်ဆန်တွေ နီးကပ်လာနေပြီ ဖြစ်ပါတယ်။

ဆိုတော့ တရုတ်က ငြိမ်းချမ်းစွာအဖြေရှာရေး ခေါင်းစဉ်နဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ရေးအတွက် အပစ်ရပ်ဖို့ အားစိုက်သွားမှာ သေချာပါတယ်။ မကြာသေးခင်ကလည်း ညီနောင်သုံးဖွဲ့ထဲက တအောင်းတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တို့ကို တရုတ်က လည်မျိုညှစ်ကာ ရှမ်းမြောက်ဒေသမှာ စစ်ဆင်ရေး ရပ်စေခဲ့တယ်။

တရုတ်အစိုးရက နယ်စပ်ဒေသ တည်ငြိမ်ရေးခေါင်းစဉ်နဲ့ TNLA, MNDAA နဲ့ အကြမ်းဖက် စစ်တပ်တို့ကြား ငြိမ်းချမ်းစွာအဖြေရှာရေး စားပွဲဝိုင်းတည်ပေးတယ်လို့ ဟိတ်ဟန်ကြီးပြခဲ့ပေမဲ့ တကယ့်တကယ်ကတော့ တရုတ်အပေါ် တစုံတရာ မှီခိုနေရတဲ့ TNLA နဲ့ MNDAA ကို ခြိမ်းခြောက်ခြင်းနည်းနဲ့ အပစ်ရပ်စေခဲ့တာပါပဲ။ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်လိုက်ခြင်းကြောင့် TNLA နဲ့ MNDAA တို့အတွက် သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခွင့် ရလိုက်ပေမဲ့ အောင်လံတလူလူနဲ့ ပြေးနေတဲ့ စစ်ဦးကို တိခနဲ ရပ်လိုက်ရတာဟာ တကယ့်ကို နစ်နာဆုံးရှုံးမှုကြီးပါပဲ။

အခုလည်း ရခိုင်မှာ စစ်ရှုံးနေရုံတင်မက ကချင်နဲ့ ကရင်မှာပဲ စစ်မျက်နှာဖွင့်နေရပြီး အရှုံးကြီး ရှုံးနေတာကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်တွေက ရခိုင်မှာ အပစ်ရပ်ရေး တရုတ်ကို ကြားဝင်ပေးဖို့ ရှိခိုးဦးတင်ပုံရပါတယ်။

တရုတ်ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ တည်ငြိမ်ရေးကို လိုလားတာ အမှန်ပါပဲ။ တော်လှန်ရေးအင်အားစုတွေက အောင်ပွဲခံပြီး အကြမ်းဖက်စစ်တပ် ပြေးကိန်းဆိုက်ခြင်းဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ပိုအလှမ်းဝေးသွားမယ်လို့လည်း တရုတ်က ရှုမြင်ထားပုံရပါတယ်။ အဲဒါကြောင့်လည်း တရုတ်ဟာ အကြမ်းဖက်စစ်တပ် မပြို၊ မပြေးရရေးအတွက် သူ တတ်နိုင်တဲ့အားနဲ့ လိုက်လံကျားကန်ပေးနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက အသာစီးရကာ စစ်တပ်က ပြိုနေပြီ ဆိုတာကိုလည်း တရုတ်က ကောင်းကောင်းသိနေပြီ ဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ TNLA နဲ့ MNDAA သာ စစ်ဆင်ရေး ပြန်စရင် အကြမ်းဖက်စစ်တပ် ပွဲပြီးဖို့များသွားမယ် ဆိုတာလည်း တရုတ် သိပါတယ်။

အရင်တုန်းက စစ်အုပ်စုလည်း ရွေးကောက်ပွဲလုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်၊ NLD ပါတီလည်း ရွေးကောက်ပွဲဝင်စေ ဆိုတဲ့လိုင်းကို တရုတ်က စိတ်ကူးယဉ်ခဲ့ပေမဲ့ မင်းအောင်လှိုင် ကိုယ်တိုင် ပယ်ချခဲ့တာကြောင့် ပျက်ခဲ့တယ်။

ပြီးတော့ အခုလို တော်လှန်ရေးအင်အားစုတွေ အသာစီးရလာတဲ့အချိန်မှာ မင်းအောင်လှိုင် အိပ်မက် မက်နေတဲ့ ရွေးကောက်ပွဲလမ်းကြောင်းဟာ ဘယ်လိုမှမဖြစ်နိုင်မှန်း တရုတ်လည်း ကောင်းကောင်းသိပါတယ်။ လတ်တလော အရှိန်ကောင်းပြီး အသာစီးရနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကို တရုတ်က သူ့ဩဇာသုံးပြီး ရပ်ခိုင်းဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ဥပမာ- ကချင်၊ ချင်း၊ ကရင်၊ ကရင်နီနဲ့ PDF တို့ဟာ တရုတ်အတွက် ကိုင်တွယ်ရမလွယ်တဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေပါပဲ။

ဒါ့ကြောင့် စစ်တပ် လုံးဝပြိုလဲခြင်းမျိုး မဖြစ်ခင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာ၊ ၂၀၀၈ အခြေခံဥပဒေအောက် ပြန်ဝင်ကာ အရပ်ဘက်နဲ့ စစ်ဘက် ပိုနေမြဲ ကျားနေမြဲ ရွှေလက်တွဲရေးကို တရုတ်က လတ်တလော အိပ်မက် မက်နေပုံပါ။

ပြဿနာက ဘူးဆိုရင် ဖရုံမသီး၊ ဖြစ်ချင်ရာဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးကျပ်မပြည့်မှုကို နားဝင်အောင် ရှင်းမပြနိုင်ခြင်းဟာ တရုတ်အတွက် အခက်ကြီး ခက်နေပုံပါ။ မင်းအောင်လှိုင်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ရည်ရွယ်ချက်က သူမသေမချင်း အာဏာပိုင်စိုးထားရေးတင်မက ဒီဘဝတင်မက ဆယ်ဘဝ သူ ကြိုးစားလည်း မယှဉ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ လုံးဝ ဖယ်ရှားရေးလည်း ဖြစ်တယ်။ ဒါကြောင့် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်း ပြန်မဆိုင်ဘဲ ဆက်လက်မိုက်လုံးကြီးဖို့ကိုပဲ ပိုင်းဖြတ်ထားတဲ့ပုံပါ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင် ဒုတိယအာဏာရှင်ဟောင်း သန်းရွှေ၊ မောင်အေး၊ သိန်းစိန် တို့နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တာဟာ တရုတ်အိပ်မက် အခက်ကြီးခက်နေမှုကို ဖြေလျှော့နိုင်မလားလို့ ခင်ဗျားတို့ တပည့်မိုက် မင်းအောင်လှိုင်ကို ကြည့်ပြောပေးကြပါဦးဆိုပြီး အကူရှာတာလည်း ဖြစ်နိုင်ပါတယ်။ သံအမတ်ကြီး ချန်းဟိုင်က သန်းရွှေတို့နဲ့ တွေ့တဲ့အချိန်မှာ မဟန်တော့တဲ့ စစ်အုပ်စုရဲ့ အခြေအနေကို ပြောပြ၊ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ဆွေးနွေးအဖြေရှာတာမျိုး မလုပ်ဘူးဆိုရင် စစ်ခေါင်းဆောင်ဟောင်းတွေပါ ကိုယ်ကျိုးနည်းနိုင်ကြောင်းနဲ့ မင်းအောင်လှိုင်ကို ဖျောင်းဖျပေးဖို့ ပြောကြားခဲ့သလားလို့ အတွေးပွားနိုင်ပါတယ်။

ပြဿနာက အာဏာရှင်ဟောင်းတွေဆိုတာ အဆိပ်မရှိတော့တဲ့ ကြည့်နေကြည့်စားဘဝ။ မင်းအောင်လှိုင် ငြိုငြင်သွားမယ်ဆိုရင် နေဝင်းဝဋ်တွေ ချက်ချင်းပြန်လည်သွားရုံတင်မက မတရားအာဏာနဲ့ တသက်လုံး သိမ်းကျုံး သိုက်တူးထားတဲ့ စည်းစိမ်တွေပါ ပြောင်သွားနိုင်ကြောင်း ဉာဏ်များတဲ့ သန်းရွှေက ကောင်းကောင်းသိနေလေတော့ မင်းအောင်လှိုင်ကို ဖျောင်းဖျစကား ဖိဖိစီးစီး ပြောရဲဖို့က မလွယ်ပါဘူး။

တရုတ်က မင်းအောင်လှိုင် နေရာမှာ ညှိနှိုင်းပြောဆိုလို့ရမယ့် စစ်ဗိုလ်ချုပ် တယောက်ယောက်ကို အစားထိုးချင်ပေမဲ့ အဲဒါကလည်း မင်းအောင်လှိုင်ကို ဖယ်ရှားရဲတဲ့သူတွေ ရှိဦးမှ။ အခုဆိုရင် စစ်အုပ်စုတွင်း မင်းအောင်လှိုင်အပေါ် လက်မခံသူတွေ တိုးပွားနေပြီး စစ်တပ်တွင်း မင်းအောင်လှိုင်ရဲ့ဩဇာ ကျဆင်းနေတာ သေချာပေမဲ့ မင်းအောင်လှိုင်ကို စေ့စေ့ပြန်ကြည့်ရဲတဲ့ စစ်ဗိုလ်ချုပ်တွေကိုလည်း မမြင်ရသေးပါဘူး။

မင်းအောင်လှိုင်က အခုလက်ရှိ ခေါင်းပေါင်းကြီးအာဏာကို လက်လွှတ်လိုက်တာနဲ့ ဒါမှမဟုတ် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆီ ပြန်သွားလိုက်ရုံနဲ့ ဘဝပျက်သွားမယ်ဆိုတာ၊ နိုင်ငံတကာ တရားရုံးတွေက တန်းစီ တရားစွဲနိုင်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

ဆိုတော့ မင်းအောင်လှိုင်သာ ဖြစ်ချင်ရာဖြစ်လမ်းကို ဆက်လှမ်းမယ်ဆိုရင် တရုတ် ဘာဆက်လုပ်မှာလဲ။ မင်းအောင်လှိုင် ဘာလုပ်လုပ် ဝေဖန်ခြင်းမရှိ၊ မသိချင်ယောင်ဆောင်ရုံတင်မက ကာကွယ်မှုပင် ပေးနေတဲ့ တရုတ် ဘာဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံရေးမှာ ဝင်မစွက်၊ နိုင်ငံရေးလက်အောက်ခံအဖြစ်သာ ရပ်တည်ရမယ်ဆိုတဲ့ တော်လှန်ရေးအင်အားစုရဲ့ ခိုင်မာတဲ့သဘောထားက ဒေါ်အောင်ဆန်းစုကြည် လွတ်လာလည်း အပြောင်းအလဲမရှိမှာ သိပ်သေချာနေပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024