Home
မြန်မာသတင်း
ကင်ဆာဝေဒနာရှင် ကလေးငယ်များကွန်ရက်၏ အထူးစောင့်ကြည့်နိုင်ငံများ၌ မြန်မာ ပါဝင်နေ
DVB
·
March 21, 2024

အရှေ့တောင်အာရှဒေသ ကင်ဆာဝေဒနာရှင် ကလေးငယ်များကွန်ရက်မှာ မြန်မာနိုင်ငံက အထူးစောင့်ကြည့်နိုင်ငံတခုအဖြစ်ပါဝင်နေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)  ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အရှေ့တောင်အာရှဒေသ ကင်ဆာဝေဒနာရှင်ကလေးငယ်များကွန်ရက်မှ တဆင့် ကင်ဆာဝေဒနာရှင် ကလေးငယ်ပေါင်း ၇၅၀၀ ကျော်ကို အဆင့်မြှင့်တင်မွမ်းမံထားတဲ့ နည်းစနစ်တွေနဲ့ စောင့်ရှောက်နိုင်ခဲ့တယ်လို့ WHOက  ပြီးခဲ့တဲ့လက ထုတ်ပြန်ထားတာပါ။

အရှေ့တောင်အာရှဒေသဆိုင်ရာ WHO အဖွဲ့က နှစ်စဉ် ကင်ဆာဝေဒနာသည် ကလေးငယ်ပေါင်း ၆၁၀၀၀ လောက်ကို ဆေးကုသပေးနေရပြီး ကလေးငယ် ၄၅ ရာခိုင်နှုန်းလောက်က သေဆုံးနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ခန့်မှန်းချက်တွေအရ ဒေသအတွင်း ဝေဒနာရှင်ကလေးငယ် စုစုပေါင်းရဲ့ တဝက်လောက်ဟာ ဆေးကုသမှုခံယူရခြင်း မရှိဘူးလို့ သိရပါတယ်။

ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာတော့ ကင်ဆာဝေဒနာရှင် ကလေးငယ်တွေကို ကုသမှုဟာ ဝေဒနာရှင်အရေအတွက်ရဲ့ စုစုပေါင်း ၉၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းအောင် ကုသနိုင်တဲ့အထိအောင်မြင်နေပြီလို့ ဆိုပါတယ်။

ဒီလိုမြင့်မားနေတဲ့ ကွာခြားချက်ကို လျှော့ချဖို့အတွက် ကလေးသူငယ် ကင်ဆာဝေဒနာရှင်များဆိုင်ရာ အစီအစဉ်တစ်ခုကို WHO ကစတင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ် အရောက်မှာ ကလေးသူငယ်ကင်ဆာဝေဒနာရှင်အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းအောင် ကုသပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအတွက် အကောင်းဆုံးဆောင်ရွက်ဝန်ဆောင်မှုပေးနိုင်ဖို့ အရှေ့တောင်အာရှဒေသအတွင်း အထူးစောင့်ကြည့် ၃ နိုင်ငံ သတ်မှတ်ထားပြီး ကွန်ရက်အဖွဲ့အစည်းတခုကို ဖွဲ့စည်းခဲ့ပါတယ်။

အခုလိုဒေသအလိုက် အစီအစဉ်တခုကို ဖော်ဆောင်ရတာဟာ ကင်ဆာဝေဒနာရှင် ကလေး သူငယ်တွေကို ကုသရာမှာ အရည်အသွေးပိုမိုကောင်းမွန်စေဖို့နဲ့ ကုသရေးနယ်မြေ ချဲ့ထွင်နိုင်ရေးအတွက် ဖြစ်တယ်လို့ WHO က ပြောပါတယ်။

အထူးစောင့်ကြည့်နိုင်ငံတွေမှာ ကလေးသူငယ်ကင်ဆာဝေဒနာသည်များဆိုင်ရာ မူဝါဒတွေကို ဦးစားပေးကြဖို့ WHO က ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

မြန်မာနဲ့ သီရိလင်္ကာတို့မှာ ကလေးသူငယ်ကင်ဆာဝေဒနာရှင်တွေအတွက် ချမှတ်ထားတဲ့ သီးသန့် နည်းဗျူဟာတွေရှိပြီး နီပေါနိုင်ငံမှာတော့ နိုင်ငံလုံးဆိုင်ရာ ကင်ဆာဝေဒနာသည်တွေအတွက် နည်းဗျူဟာအတွင်းမှာသာ ထည့်သွင်းထားတာဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ စွမ်းဆောင်ရည် အထောက်အပံ့နဲ့ အရည်အသွေးမီ ပြုစုစောင့်ရှောက်မှု ပေးနိုင်ဖို့ နယ်မြေခံ အဖွဲ့အစည်း ၂၃ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှဒေသ ကင်ဆာဝေဒနာရှင်ကလေးငယ်များကွန်ရက်မှတဆင့် WHO ဟာ အရည်အသွေးပြည့်မီတဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 ၂ နှစ်ကြာကာလအတွင်း ကင်ဆာအကြိတ်ဆိုင်ရာ နိုင်ငံစုံဘုတ်အဖွဲ့ အွန်လိုင်းအစည်းအဝေး ၂၃ ခု ပြုလုပ်ခဲ့ပြီးပြီဖြစ်သလို  နိုင်ငံ ၉ နိုင်ငံက အဖွဲ့အစည်း ၂၀ ဟာ အစည်းအဝေးတွေမှာ မှန်ပါဝင်တက်ရောက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၅ နိုင်ငံက အဖွဲ့အစည်းပေါင်း ၇ ခုကလည်း ရောဂါဗေဒဆိုင်ရာ ပြင်ပ ကျန်းမာရေးအရည်အသွေး အကဲဖြတ်စနစ်မှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ 

အဖွဲ့အစည်း ၂၅ ခုက သူနာပြု ၁၉၀ ကိုလည်း ကလေးသူငယ်ကင်ဆာဝေဒနာသည် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံနဲ့ အဆင့်မြင့်သင်တန်းတွေ အွန်လိုင်းကနေတဆင့် သင်ကြားပေးခဲ့တယ်လို့ WHO က ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ ကင်ဆာဝေဒနာရှင် ကလေးသူငယ်ပေါင်း ၇၅၀၀ ကျော်ကို အဲဒီအဖွဲ့အစည်းတွေကနေတဆင့် အဆင့်မြှင့်မွမ်းမံထားတဲ့ ပြုစုစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နီပေါနဲ့ သီရိလင်္ကာနိုင်ငံတို့မှာ WHO က ယေဘုယျကလေးသူငယ်ကင်ဆာဝေဒနာတွေ ပြုစုကုသခြင်းဆိုင်ရာနဲ့ စနစ်တကျအားပေးပြုစုကုသရေး နည်းစနစ်များပြုစုပြင်ဆင်ရာမှာ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံတို့မှာလည်း ဝေဒနာရှင်ကလေးငယ်တွေ မိမိတို့အိမ်အနီးအနားမှာတင် ကုသနိုင်အောင် အောက်ခြေဆင်းကုသနိုင်ရေးအတွက် ကုသရေးဆိုင်ရာ မူဘောင် တခုပေါ်ပေါက်လာရေး WHO က ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်တွေကြောင့် ဝေဒနာရှင်တွေရဲ့ မိသားစုဝင်တွေမှာ ကုသရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး လျော့ကျသွားခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ WHO က ပြောပါတယ်။

ဒီဆောင်ရွက်မှုတွေဟာ ရောဂါကို စောစီးစွာ သိရှိနိုင်ရေးနဲ့ကုသနိုင်ရေးအတွက်ကိုလည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ မျှဝေပြုစုကုသရေးစင်တာ ကွန်ရက်ဟာ  မြန်မာနိုင်ငံမှာ ပြုစုကုသရေးဆေးခန်း ၃၄ ခု ဖွင့်ထားပြီး နီပေါနိုင်ငံမှာ ၅ ခုရှိထားပါတယ်။

အရှေ့တောင်အာရှဒေသ ကင်ဆာဝေဒနာရှင်ကလေးငယ်များကွန်ရက် (SEAR-CCN) အသင်းဝင် အဖွဲ့အစည်းတွေဟာ ပြုစုကုသရေးဆိုင်ရာရင်းမြစ်တွေကို မျှဝေပြုစုကုသရေး စင်တာတွေမှာ အလွယ်တကူအသုံးပြုနိုင်ရေးအတွက် လမ်းညွှန်ချက်တွေကို စုပေါင်းပြုစုခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

WHO ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ကလေးသူငယ်ကင်ဆာဝေဒနာနဲ့ ပတ်သက်လို့ အလေးထားတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံဟာ ဒေသတွင်းကင်ဆာဝေဒနာရှင်များစာရင်းပြုစုခြင်းကို ပိုမိုအားကောင်း ပြည့်စုံအောင် ပြုစုနိုင်ခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံမှာလည်း ကလေးသူငယ်ကင်ဆာဝေဒနာရှင်တွေကို မှတ်တမ်းပြုစုတဲ့ HBCR (Hematology and Bone Marrow Transplant Registry) မှတ်ပုံတင်စနစ်ကို ဆောင်ရွက်နေကြောင်း WHO ကပြောပါတယ်။

Source:WHO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024